ယူအေဘီဘဏ်ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲဆုချီးမြှင့် ပွဲကျင်းပ
ရန်ကုန်၊မေ(၄)ရက်။
အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ UAB Bank Badminton Junior Championship 2024 ကြက်တောင်ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့မွန်းလွဲက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ မြန်မာနိင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်၊ UAB Bank မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များမှာတက် ရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲတွင် အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉)နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိင်ကစားပြီးပထမ၊ဒုတိယနှင့် ပူးတွဲတတိယရရှိကြသော အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူး၊မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် UAB Bank မှ တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြခဲ့သည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အသက်(၁၉) နှစ်အောက် အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ် ယောက်တွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ယင်းပြိုင်ပွဲကို မေ ၁ ရက်မှ ၄ ရက်နေ့အထိကျင်းပခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကလပ်စုစုပေါင်း ၂၇ ခုမှ အားကစားသမား ၂၀၀ ခန့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။