ယူအေဘီဘဏ် ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲကျင်းပမည်
ရန်ကုန်၊ဧပြီ(၂၆ )ရက်။
မြန်မာနိုင်ငံကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ Uab Bank Badminton Junior Championship 2024 ကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်က ပြုလုပ်သည့်စာနယ်ဇင်ရှင်းလင်းပွဲမှ သိရသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားမူး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဘရန်မိုင်က အမှာစကားပြောကြားပြီးUABမှတာ၀န်ရှိသူဒေါ်ယဉ်သွယ်ဌေးကပြိုင်ပွဲအားအဓိကပံ့ပိုးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉) နှစ်ေအာက်အမျိုးသားနှစ်ယောက်တွဲပြိုင် ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအား မေ ၁ ရက်မှ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အမျိုးသားကြက် တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)မှ နောက်ဆုံး အတည်ပြုထုတ်ပြန်ထားသော ကြက်တောင်အားကစားနည်းဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံကြက်တောင်အားကစားအဆင့်အတန်းအား အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန်၊ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ပေါက်လာစေရန်၊ ဆုကြေးများ ထိုက်ထိုက်တန်တန်ချီးမြှင့်သောပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အားကစားသမားများ မိမိတို့အားကစားအရည်အသွေးကို မြှင့်တင်လိုစိတ်ထက်သန်လာစေရန်၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာကောင်းသော မျိုးဆက်သစ်လူငယ်အားကစား မောင်မယ်များအား ရွေးချယ်စုစည်းလေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းကို မြှင့်တင်သွားရန်ရည်ရွယ်ကာ ယင်းပြိုင်ပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။