အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြားပစ်အားကစားနည်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

မြားပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးအတွက်ရည်ရွယ၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပ သည့် မြားပစ်အားကစားနည်းအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြားပစ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးအတွက် ယနေ့အခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ကို ၁၉၃၁ ခုနှစ်တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိပြီးဖြစ်ကြောင်း၊ ၁၉၀၀ ပြည့်နှစ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲတွင် အမျိုးသမီး မြားပစ်အားကစားနည်းကို ထည့်သွင်း ကျင်းပခဲ့ပြီး အိုလံပစ်အားကစားသမိုင်းတွင် ပထမဆုံးအမျိုးသမီးအားကစားသမား ပါဝင်ယှဉ်ပြိုင်ခဲ့ သည့်မှတ်တိုင်ကို မြားပစ်အားကစားနည်းမှ စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကိုစတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ်မှာပင် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်နှင့် အာရှမြားပစ်အဖွဲ့ချုပ်တို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်အနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်အထိ ၃၀ နှစ်တာကာလအတွင်း အိုလံပစ်အားကစားပြိုင်ပွဲ ၅ ကြိမ်၊ အာရှအားကစားပြိုင်ပွဲ ၆ ကြိမ်နှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ ၁၂ ကြိမ်၊ စုစုပေါင်းနိုင်ငံတကာမြားပစ်အားကစားပြိုင်ပွဲပေါင်း ၁၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆ ခုအပြင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများစွာနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၀၅ ခု၊ ငွေတံဆိပ် ၁၀၈ ခု၊ ကြေးတံဆိပ် ၁၀၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၁၆ ခုကို နိုင်ငံတော်အတွက်ရယူပေးနိုင်ခဲ့ပြီး မြားပစ် အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြားပစ်အားကစားနည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့် မြားပစ် သရုပ်ပြသမှုများကို မြားပစ်နည်းပြဆရာများနှင့် အားကစားသမားများက ရှင်းလင်းပြောကြား ပြီးနောက် ကျောင်းသား/ကျောင်းသူများအား အနီးကပ်လက်တွေ့သင်ကြားပြသခဲ့ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။