![]()
မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ ရေကူးအားကစားတိုးတက်မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာရေကူးကလပ်အသီးသီးနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ မေ ၄
မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ ရေကူးအားကစားတိုးတက် မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာရေကူးအသီးသီးနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းအစည်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ အမျိုးသားရေကူးကန်ရှိ အိုလံပစ်ဟော်တယ်၌ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ပြောကြားရာတွင် ၂၀၂၇ ခုနှစ် ၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတော်သမ္မတကြီးက အားပေးအားထား ဖြစ်သည့် ရေကူးနှင့်ပြေးခုန်ပစ်များမှာ ဆုတံဆိပ် အများဆုံးဖြစ်သည့်အတွက် အောင်မြင်မှုရရှိအောင် ကြိုးစားအားထုတ်ရန် မှာကြားပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့်ရေကူး ၊ ဒိုင်ဗင်စသည့် အားကစားနည်းကို ရေတို ၊ ရေရှည်အောင်မြင်အောင် မည်သို့ ကူညီပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ အမာခံအားကစားသမားများ ရှာဖွေရန် ကလပ်အသီးသီးမှ အားကစားသမားများ ဖိတ်ခေါ်ယှဥ်ပြိုင်ကစားစေပြီး နိုင်ငံခြားနည်းပြနှင့် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး နှင့် ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်တို့က ပြိုင်ပွဲဝင် အားကစားသမားများရွေးချယ်မှု ၊ စည်းမျဉ်းစည်းကမ်းများ ၊ ရေကူးကန် သပ်ရပ် သန့်ရှင်းသာယာရေးအတွက် ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကလပ်အသင်းသင်းမှ ပိုင်ရှင်များ နည်းပြများက အထွေထွေဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး ၊ ဦးချိုမောင်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှတာဝန်ရှိသူများ ၊ ကလပ်အသင်း အသီးသီးမှအသင်းများ တက်ရောက်ကြကြောင်း သိရှိရသည်။


