![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation(APSF) Board of Governor (BoG) အစည်းအဝေးသို့တက်ရောက်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များတွင် ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် Asean Para Sports Federation(APSF) Board of Governor(BoG)အစည်းအဝေးကို နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့၊ Kantary Hotel ရှိ Lamtakong ခန်းမ၌ ကျင်းပခဲ့ရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ Board of Governor(BoG) Chairman Dr. Kittipong Potimu က အဖွင့်အမှာစကား ပြောကြားခဲပြီးနောက် Thailand ASEAN Para Games Organization Committee(THASOC)မှ တာဝန်ရှိသူတစ်ဦးက (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပမည့်အစီအစဉ် များနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ၂၀၂၇ ခုနှစ်တွင် (၁၄)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲအား အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ Board of Governor(BoG) က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသူများက 31st ASEAN Para Sports Federation(APSF) Board of Governor(BoG) အစည်းအဝေးမှတ်တမ်းအားလည်းကောင်း၊ 36th EXCO အစည်းအဝေးမှတ်တမ်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် APSF အထွေထွေညီလာခံအား အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးအား လည်းကောင်း ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ပြီးနောက် Board of Governor(BoG) Chairman က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
ထို့နောက် အားကစားအဖွဲ့ခေါင်းဆောင်များ(Chef-de-Mission) အစည်းအဝေးကို Kantary Hotel(Korat) ရှိ Lamtakong ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်လှိုင်အပါအဝင် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများက ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


