အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင် အခမ်းအနားတက်ရောက်

ထိုင်း၊ ဇန်နဝါရီ ၁၇။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Kantary Hotel Korat တွင် တည်းခိုနေထိုင်လျက်ရှိသော မြန်မာမသန်စွမ်း ဘိုစီယာအသင်းမှ အုပ်ချုပ်/နည်းပြ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် Rajmangala University of Technology ရှိ ဘောလုံးလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်နေသော မြန်မာမသန်စွမ်း(၇)ယောက်တစ်ဖက် ဘောလုံးအသင်း၏ အသင်းလိုက်လေ့ကျင့်နေမှုများအားလည်းကောင်း၊ Majesty the King’s 80th Birthday Anniversary Commemorative Stadium အတွင်းရှိ ဘော်လီဘောရုံတွင် လေ့ကျင့်လျက် ရှိသော မြန်မာမသန်စွမ်း ထိုင်လျက်ဘော်လီဘောအသင်း၏ အသင်းလိုက်လေ့ကျင့်နေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီး မိမိတို့လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ မျှော်မှန်းထားသည့် အတိုင်း အောင်မြင်မှု ဆုတံဆိပ်များကို ဆွတ်ခူးရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြသူများဖြစ်အောင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင် သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Majesty the King’s 80th Birthday Anniversary Commemorative Stadium အတွင်းရှိ ရေကူးကန်တွင် မြန်မာနိုင်ငံ မသန်စွမ်းရေကူးအားကစားသမားများ၏ ဆေးအဆင့်သတ်မှတ်စစ်ဆေးနေမှုများအား လေ့လာကြည့်ရှု ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ဆေးမှူးချုပ် ဒေါက်တာကျော်စိုးတို့က Suranaree University of Technology တွင် ဖွင့်လှစ်ထားသည့် Sports Village အတွင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှု၊ ကျန်းမာရေးအခြေအနေများနှင့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုမေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များတွင် ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင်အခမ်းအနားအား THAO SURANAREE(YA MO) MONUMENT တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၀ နိုင်ငံတို့မှ VIP များ၊ ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ CDM များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဘင်ခရာတီးဝိုင်းနှင့်အတူ နိုင်ငံပေါင်း ၁၀ နိုင်ငံတို့မှ အားကစားသမားများအား ကြိုဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး APSF Logo အလံ, Para Games Logo အလံနှင့် ဘရူနိုင်း ဒါရုစလမ်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်္ကာပူသမ္မတနိုင်ငံ၊ တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် အိမ်ရှင် ထိုင်းနိုင်ငံ စသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံတို့၏ အလံများကို ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကိုင်ဆောင်ပြီး နိုင်ငံတော် သီချင်းများအား ဖွင့်လှစ်၍ သံပြိုင်သီဆိုခဲ့ပြီး အလံကိုင်အဖွဲ့မှ အလံလွှင့်တင်ခြင်းများကို ဆောင်ရွက် ခဲ့ပြီးနောက် နိုင်ငံပေါင်း ၁၀ နိုင်ငံတို့မှ အားကစားအဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် မြန်မာနိုင်ငံမှ ဖိတ်ကြားခံ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မောင်လှိုင်နှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။