အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီ(၁၀)မိနစ်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုး သမီး) ၂၀ကီလိုမီတာလမ်းလျှောက်၊ (အမျိုးသား ၁၀ မျိုးစုံ)ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ (အမျိုးသား+အမျိုးသမီး) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ(၂၀၀)ပြိုင်ပွဲ၊ (အမျိုးသား)တန်းမြင့်ခုန်၊ (အမျိုးသမီး) သုံးဆင့်ခုန်၊ (အမျိုးသား/အမျိုးသမီး) မီတာ-၈၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ(၃၀၀၀)တားဆီးကျော်ပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် (အမျိုးသား)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ရဲထက်အောင်(ပြည်ထဲရေး)သည် (၅၉.၂၃)မီတာဖြင့် ၎င်း၏ မြန်မာပြည်စံချိန်(၅၅.၈၈)မီတာနှင့် ဝန်ကြီးဌာနစံချိန် (၅၅.၀၅) မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် (အမျိုးသမီး)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ၂၀၂၀ပြည့်နှစ်၊ ဝန်ကြီးဌာနပြိုင်ပွဲ၌ ပပဦး(ပြည်ထဲရေး)၏ (၄၅.၃၅) မီတာထက်သာလွန်ကောင်းမွန် ပြီး (၄၆.၈၄)မီတာဖြင့် သဲအိထွေး(အား/ကာ)ကလည်းကောင်း၊ (၄၅.၉၄)မီတာဖြင့် သွယ်သွယ်မိုး(ကာကွယ်ရေး)ကလည်းကောင်း ဝန်ကြီးဌာနစံချိန်သစ်များ အသီးသီးတင်နိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် တတိယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၇)နာရီ မှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။