အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ(၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)မာရသွန်ပြိုင်ပွဲ၊ (အမျိုးသမီး – ၇မျိုးစုံ)ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ – ၁၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) လှံတံပစ်ပြိုင်ပွဲ၊ (အမျိုးသား+ အမျိုးသမီး) မီတာ(၄၀၀x၄) လက် ဆင့်ကမ်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား)သုံးဆင့်ခုန်ပြိုင်ပွဲတွင် ဟိန်းထက်အောင်(ပြည်ထဲရေး)၏ စံချိန်(၁၄.၉၉)မီတာသည် (၁၉၉၇)ခုနှစ်တွင် ကျော်ကျော်ဝင်း(သစ်တော)၏ စံချိန်(၁၄.၉၁)မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်အားလည်းကောင်း၊ (အမျိုးသား) လှံတံပစ်ပြိုင်ပွဲတွင် နန်းထက်မောင်(အား/ကာ)၏ စံချိန်(၆၇.၂၄)မီတာသည် ကျော်စွာမိုး(စည်ပင်)၏ မြန်မာပြည်စံချိန် (၆၇.၂၃)မီတာနှင့် ဝန်ကြီးဌာနစံချိန် (၆၆.၂၉)မီတာထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်နှင့် ဝန်ကြီးဌာန စံချိန်သစ်အားလည်းကောင်း အသီးသီးစံချိန်သစ်များ တင်နိုင်ခဲ့ သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများနှင့် စံချိန်သစ်တင်နိုင်ခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ကို မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အသီးသီး ဆုဖလားများပေးအပ်ခဲ့ကြောင်း သိရသည်။