အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း

ရန်ကုန် ၊ နို၀င်ဘာ ၃၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်‌‌အောက်၌ ဆပ်‌ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ကျင်းပသည်။

ဦးစွာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင်နာယက ဦးစိုးတင့်ကခြင်းလုံးနှင့်ပတ်သက်၍သိကောင်းစရာများ၊‌ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဌဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအားရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဥက္ကဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲ‌တော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအားတင်ပြ၍လည်း‌ကောင်း ၊ ဒုတိယဥက္ကဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း ၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။

အဆိုပါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဌဦးသက်လွင်၊ဒုတိယဥက္ကဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး ၊ ဦး၀င်းတင့် ၊ ဦးထွန်းလင်းသောင်းနှင့်အမှု‌ဆောင် ၁၇ ဦး ၊ အတွင်း‌ရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စုစုပေါင်း ၂၄ ဦးတို့အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်အတည်ပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ယင်းအဖွဲ့ချုပ်အောက်တွင် ပြန်လည်ဖွဲ့စည်းလိုက်သောဆပ်ကော်မတီများ၌ ဒိုင်ကြီးကြပ်‌ရေး‌ ၊ နိုင်ငံတကာဆက်ဆံ‌ရေး ၊ သရုပ်ပြလှုပ်ရှားရေး ၊ စည်းရုံး‌ရေး ၊ သတင်းနှင့်ပြန်ကြား‌ရေး ၊ ဘဏ္ဍာငွေရှာ‌ဖွေရေး ၊ ပြိုင်ပွဲကျင်းပ‌ရေးဆပ်‌ကော်မတီတို့အပြင် ရုံးအဖွဲ့ပါ ဖွဲ့စည်းထား ကြောင်းသိရှိရသည်။