![]()
မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် JN 25 TAEKWON DO CLUB ဖွင့်လှစ်
မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ကာ JN 25 TAEKWON DO CLUB ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘစံလမ်းရှိ The Zawana Badminton & Sport Arena ၌ကျင်းပပြုလုပ်သည်။
ယင်းတိုက်ကွမ်ဒိုကလပ်ဖွင့်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကွမ်ဒိုကလပ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က အမှာစကားများအသီးသီးပြော ကြားခဲ့ကြသည်။
ထို့နောက် တိုက်ကွမ်ဒိုကလပ်များမှ သင်တန်းသား၊သင်တန်းသူများက တိုက်ကွမ်ဒိုကစားကွက် များဖြင့် သရုပ်ပြသခဲ့ကြသည်။
“ဒီသင်တန်းက မြန်မာနိုင်ငံမှာဖွင့်တဲ့သင်တန်းတွေထဲမှာ အောင်မြင်မှုရရှိနိုင်မယ့် သေချာတဲ့သင် တန်းတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော့်အမြင်အရဆိုရင်တော့ မြန်မာနိုင်ငံမှာ တိုက်ကွမ်ဒိုစတင်တည် ထောင်တည်းက လက်ရှိဒီနှစ်ပိုင်းတွေမှာ နည်းပြသင်တန်းတွေလည်း အများကြီးထွက်ပေါ်လာတယ်၊ ကိုယ်ပိုင်နည်းပြသင်တန်းတွေကတစ်ဆင့်လည်း နိုင်ငံ့လက်ရွေးစင်တွေ ထွက်ပေါ်လာတဲ့အတွက် အခုလို မျိုး သင်တန်းနည်းပြတွေ၊ သင်တန်းတာဝန်ခံတွေ အားလုံးကလည်း အရင်တုန်းကလက်ရွေးစင်တွေ နိုင်ငံ့ လက်ရွေးစင်အထိကစားခဲ့တဲ့သူတွေကနေ တိုက်ရိုက်သင်ကြားပေးတာဖြစ်တဲ့အတွက် အောင်မြင်မှုရမယ့် သင်တန်းတစ်ခုဖြစ်လာမှာပါ”ဟု မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးနိုင်လင်းကပြော သည်။
အဆိုပါ JN 25 တိုက်ကွမ်ဒိုကလပ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစတင်ကာ သင်တန်းသား၊ သင်တန်းသူများအား တိုက်ကွမ်ဒိုလက်ရွေးစင်ကစားသမားဟောင်းကြီးများက လက်ခံသင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းသားဦးရေကန့်သတ်ထားခြင်းမရှိကြောင်း၊ မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများအား ထူးချွန်ထက်မြက်ကာနိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် လက်ရွေးစင်အားကစားသမားများပေါ် ထွက်လာစေရန် ရည်ရွယ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


