အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

သာကေတမြို့နယ်၌ဒီဇင်ဘာအားကစားလ စတုတ္ထအပတ်၌လူထုလမ်းလျှောက်ပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၃)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ တစ်များသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံး ရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစောအိပ်လို့စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၅:၀၀)အချိန်၌ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ (စတုတ္ထ)အပတ်၌ လူထုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ လူထုလမ်းလျှောက်ပွဲပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၂၂၀)ဦးဖြင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှတဆင့် မြင်တော်သာလမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာ ပန်းခြံအရှေ့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ကာယလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ပဲခူး၊ ဒီဇင်ဘာလ(၂၃)ရက်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရ အဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဒီဇင်ဘာလ(၂၃)ရက်နေ့ ၊ နံနက်(၅:၃၀)နာရီအချိန်ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထအပတ်)စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးသည် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစ၍ တောင်ငူလမ်း၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအ တွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁/၂)နှင့် physical Fitness Dance လေ့ကျင့် ခန်းများ ပြုလုပ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသော ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထုများအား (၂၀)သိန်း (ကျပ်နှစ်ဆယ်သိန်းးတိတိ)တန်ဘိုးရှိ ကံစမ်းမဲ ပစ္စည်းဖြင့် တပျော်တပါး မဲဖောက်ပေးခဲ့ပါသည်။ အဆိုပါ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန နှင့် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ကြက်သားကြာဆံချက် ၊ ကောက်ညှင်းပေါင်း၊ ငါးခြောက်ဖုတ်နှင့် လက်ဘက်ရည်များဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြပြီး ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်မြို့တွင် ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

ပြည်၊ ဒီဇင်ဘာလ(၂၃)ရက်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယနေ့နံနက်(၅)နာရီခွဲအချိန်က ဒီဇင်ဘာလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ယင်းသို့ဆင်နွှဲရာတွင် မြို့လယ်ဗိုလ်ချုပ်ကျောက်ရုပ်မှ လမ်းရှည်လမ်း၊ ရွှေတစ်ချောင်းလမ်းနှင့် လမ်းမတော်လမ်းအတိုင်း ကမ်းနားလမ်းပန်းခြံအထိ စုပေါင်းလမ်းလျှောက်ကြပြီးပန်းခြံရှေ့၌ သွေးပူလေ့ကျင့်ခန်းများနှင့်ကိုယ်လက်လှုပ်ရှား Fitness Dance အကများ စုပေါင်းလုပ်ဆောင်၍ ပျော်ရွှင်စွာဆင်နွှဲကြကာ ပါဝင်ဆင်နွှဲသူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ နံနက်စာ ကောက်ညှင်းပေါင်း ဝေငှပေးကြောင်းသိရသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ စစ်တွေမြို့၌ ကျင်းပ

ရခိုင်၊ ဒီဇင်ဘာလ(၂၃)ရက်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲကြသည်။ ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။ ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၄၀၀) ကျော်တို့ပါဝင် ဆင်နွှခဲ့ကြသည်။ အလားတူ လမ်းလျှောက်ပွဲအပြီးတွင် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မော်လမြိုင်၊ ဒီဇင်ဘာလ(၂၃)ရက်။

မွန်ပြည်နယ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူများသည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်နှင့် ကမ်းနားလမ်းတစ်လျှောက် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးကိုလိုက်စားသည့်အများပြည်သူများသည်မော်လမြိုင်မြို့၊ကမ်းနားလမ်းရှိ မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်းအတွဲအမှတ်(၁)နှင့်အတွဲအမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ၊Fitness Dance အကတို့ဖြင့် အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရှိရသည်။