အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူး၊ ဇွန်လ(၂၅)ရက်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ညောင်လေးပင်အသင်းနှင့် ပဲခူးတက္ကသိုလ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုတ်တွင်းမြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားနေမှု့အားကြည့်ရှု့အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်အဖွဲ့အားဂုဏ်ပြုလက်ဆောင်နှင့်ဂုဏ်ပြုငွေတို့ကို မြန်မာ့ဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌဦးရဲနိုင်မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူအား အတွင်းရေးမှူးဦးဇော်လွင်ဦးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယဆုရရှိသော တောင်ငူတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုများကို မြန်မာဘော်လီဘောလူမှုရေးအသင်းဒုတိယဥက္ကဋ္ဌများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌတို့မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမရရှိသော ပဲခူးတက္ကသိုလ်‌ဘော်လီဘောအသင်းအား စီးပွားရေးရာဝန်ကြီး၏ဇနီးမှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်းအသီးသီးပေးအပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးဒေါ်စိုးစိုးသက်က ပထမရရှိသောပဲခူးတက္ကသိုလ်အမျိုးသမီးဘော်လီဘောအသင်းအား ပထမဆုဖလားနှင့်ငွေသားဆု(၁၂) သိန်းကျပ်အား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးအေးမောင်ကြည်ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယရရှိသော တောင်ငူပညာရေးဒီဂရီကော်လိပ်အသင်းနှင့် ဒုတိယရရှိသောအုတ်တွင်းမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို ဥပဒေချုပ်နှင့်လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမရရှိသော ရွှေကျင်မြို့နယ်အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပထမရရှိသော ရွှေကျင်မြို့နယ်အမျိုးသားအသင်းအား ပထမဆုဖလားနှင့်ငွေသားဆုကျပ်(၂၀)သိန်းတို့အား ပေးအပ်ချီးမြှင့်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲအား ဇွန်လ(၂၀)ရက်နေ့မှ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဘော်လီဘောအသင်း(၉) သင်း၊အမျိုးသမီးဘော်လီဘောအသင်း(၅)သင်း၊ စုစုပေါင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသတင်းရရှိသည်။