အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး၊ ဇန်နဝါရီလ(၃၀)ရက်။

တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ (၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများက ပဲခူးခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဥ်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ နတ်တလင်းခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပွဲစဥ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် အကောင်းဆုံးအားကစာသမားဆု ရရှိသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့်တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆုများကိုပေးအပ်ချီးမြှင့်ကြပြီး တတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၅)သိန်းအား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၇)သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော နတ်တလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသော နတ်တလင်းခရိုင်ဘောလုံးအသင်းအား ငွေသားဆုကျပ်(၁၀)သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်းပါဝင်ပြီး အုပ်စု(၂)အုပ်စုခွဲ၍ ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။