အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး၊ စက်တင်ဘာ ၁၇။

ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ကြက်တောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ယနေ့ဖွင့်လှစ်လိုက်သည့် (၆)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် မိမိတို့ တိုင်းဒေသကြီး၏ ကြက်တောင်အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို များစွာအထောက်အကူပြုမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်စားပြုခရိုင်ရဲ့ဂုဏ်ကို ဖော်ဆောင်နိုင်စေရန်နှင့် ပြိုင်ပွဲကရရှိသည့် အားနည်းချက်၊ အားသာချက်များကို ပြုပြင်ပြီး ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအနေနဲ့ အောင်မြင်မှုများစွာရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားကြရန် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က သရုပ်ပြတီးမှုတ်ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက တီးမှုတ်ဖျော်ဖြေပေးသော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ နတ်တလင်းခရိုင်နှင့် တောင်ငူခရိုင်၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှ ပဲခူးခရိုင်နှင့် ပြည်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲအား စက်တင်ဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း(၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း စုစုပေါင်း(၁၂)သင်း၊ အားကစားသမား(၆၀)ဦး ပါဝင်ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။