အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီး သင်တန်းနှင့် (GYM) သင်တန်းများဖွင့်လှစ်

ပဲခူး ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်များအား အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ‌ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် လူငယ်ရေးရာမူဝါဒပါ လူငယ်ကဏ္ဍ(၁၆)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်သူလူထုများနှင့် လက်တွဲကာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအား

အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်တတ်သူများဖြစ်အောင် မျိုးချစ်စိတ်ဓါတ် ရှိသူများ ဖြစ်လာအောင် အခြေခံကအစ သင်ကြားပေးသွားဖို့ လိုအပ်ကြောင်း ၊ လူငယ်များ စာဖတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရန် လိုအပ်တဲ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ လူငယ်စင်တာများ တည်ထောင်ပြီး စင်တာများမှာ စာကြည့် တိုက်များ e-library စနစ်များ အပါ လူငယ်များ ဖတ်ရှု့နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာနှင့်ပတ်သက်၍ ဂီတသင်တန်း၊ ပန်းချီ သင်တန်း၊ အတတ်ပညာနှင့်ပတ်သက်၍ ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းမှုနှင့်ပတ်သက်တဲ့ သင်တန်းများ၊ ကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစား လှုပ်ရှားမှုသင်တန်းများကို ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာမှာ စဉ်ဆက်မပြတ် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးကိုတည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် တွေ အများကြီးလိုအပ်မှာဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်နိုင်ရန် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်တွေကို မွေးထုတ်ပေးဖို့ လိုအပ်ကြောင်း ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူတွေဖြစ်အောင် လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း ၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ တည်ဆောက်ရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံကျတဲ့ လိုအပ်ချက် ဖြစ်တဲ့အတွက် သင်တန်းသူ သင်တန်းသား လူငယ်မောင်မယ်များ အနေဖြင့် သင်ကြားပေးတဲ့ ပညာတွေကို ဂရုတစိုက် တန်ဖိုးထား သင်ယူပြီး လေ့လာ ကျက်မှတ် သွားမှသာ မိဘတွေ ဆရာတွေ လိုချင်တဲ့ ရည်မှန်းထားတဲ့ ပညာတတ် လူကောင်း လူတော်တွေ ဖြစ်လာမှာ ဖြစ်ကြောင်း၊ အထူးမှာကြားလိုတာကတော့ သားတို့သမီးတို့သည့် မိဘ ဆရာတွေရဲ့ ကျေးဇူးကို အထူးသိဖို့ လိုအပ်ကြောင်း ၊ မိဘတွေကို မိမိတတ်နိုင်သလောက် ငယ်ရွယ်စဉ်ကထဲက အကူအညီပေးနိုင်အောင် လုပ်ကျွေးပြုစုပြီး ဆရာတွေရဲ့ ဆိုဆုံးမစကားတွေကို မှတ်သား လိုက်နာ ခံယူကာ ငါတို့တိုင်းပြည် အနာဂတ် လှပအောင်၊ ငါတို့မိဘ ငါတို့မိသားစု ကြီးပွားတိုးတက်အောင် ငါတို့ ကြိုးစား တည်ဆောက်ကြမယ်ဆိုတဲ့ ရည်မှန်းချက်‌တွေနဲ့ အနာဂါတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြဖို့ လိုကြောင်း လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြဆရာများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်စင်တာတွင် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းပြကာ ကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတသင်တန်း ၊ Gym သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

အဆိုပါ သင်တန်းများတွင် အခြေခံကွန်ပျူတာသင်တန်းသား(၂၄)ဦး၊ ပန်းချီသင်တန်းသား (၄၁)ဦး၊ ဂစ်တာတီးသင်တန်းသား(၁၁)ဦးနှင့် (GYM)သင်တန်းသား(၁၆)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ (၂)လ သတ်မှတ်ထားကာ တန်းခွဲများအလိုက် သင်ကြားပေးသွားမှာဖြစ်သည့်အပြင် သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်းသိရသည်။