အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကျင်းပ

ပဲခူး၊ ဩဂုတ်လ(၁၂)ရက်။

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးအားကစားသမားများအား ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍တာလွှတ်ပေးပြီး ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပဲခူးမြို့အဝင် တိုးဂိတ်အလွန် တိုက်ကြီး-ဖောင်ကြီးလမ်းဆုံအထိ အသွား/အပြန် (၁၅)မိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၁၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စက်ဘီးစီးအားကစားဝါသနာရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အတီး/အကအဖွဲ့များကလာရောက်ကြည့်ရှုအားပေးကြပြီးပန်းဝင်သူများအား ပန်းကုံးစွပ်၍ ကြိုဆိုခဲ့ကြသည်။   

ဆက်လက်၍ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက “လူငယ်စွမ်းရည်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသားစက်ဘီးစီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားကော်မတီနာယက ဒေါ်စိုးစိုးသက်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲဝင် အဆင့်(၄)မှ အဆင့်(၂၀)အထိ ဆုရရှိသူများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip အား ကြည့်ရှုကြပြီး “လူငယ်စွမ်းရည်”တေးသီချင်းဖြင့် ဖျော်ဖြေပေးသည့် ပဲခူးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် Fitness Dance သရုပ်ပြသသော သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာနှင့်ပတ်သက်သည့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ ဆောင်းပါးနှင့် စာစီစာကုံးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။