အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော် ဒက္ခိသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၂

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာနေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်း၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထားဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား နိုင်ငံကိုချစ်သည့်စိတ် ၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို ချစ်သည့်စိတ်၊ စာရိတ္တကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်၊ စည်းကမ်းကောင်းမွန်မှုစသည့် အချက်များကို ဆရာဆရာများနှင့် မိဘများက လေ့ကျင့်ပျိုးထောင်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ကျောင်းပြင်ပ အထွေထွေဗဟုသုတများ၊ နိုင်ငံတကာ ဗဟုသုတများကို လေ့လာပြီး မိမိတို့တိုင်းပြည်အတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံ ထူးချွန်သော အနာဂတ် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပခုက္ကူစာပေတစ်သက်တာဆုရ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) က ကျောင်းသား ကျောင်းသူ လူငယ်များအတွက် လူရည်မွန် လူရည်ချွန် ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောသည်။

ယင်းနောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်းက ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးမြန်းပြီး တာဝန်ရှိသူများက ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ဆုလက်ဆောင်ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်းတို့က အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။