အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၃)ရက်။

လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၀၉:၃၀)နာရီ အချိန်တွင် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း (လယ်ဝေးမြို့နယ်)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့လူငယ်ရေးရာဦးစီးဌာနကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ခဲ့သည့် (၁)နှစ်ကျော်ကာလအတွင်း လူငယ်တွေ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်ရေးရာကော်မတီတွေရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ ပြည်တွင်း/ပြည်ပ လူငယ်လေ့လာရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၇ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူငယ်ရေးရာမူဝါဒ၏ ကဏ္ဍ(၁၆)ရပ်တွင် လူငယ် များဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာရေးကဏ္ဍလည်း အဓိကကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပြီး စာပေဘက်တွင် ထူးချွန်နေသလို ကာယကြံ့ခိုင်မှုပြည့်စုံရန် လိုအပ်သည့်အတွက် ကျန်းမာရေးအထူးဂရု စိုက်ရန်လိုအပ်ပါကြောင်း၊ အထူးအလေးပေးရမည့် လူငယ်အမျိုးအစား (၁၁)မျိုးထဲတွင် မသန်စွမ်းလူငယ်တွေလည်း ပါဝင်သဖြင့် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုမျိုးမပြုလုပ်ကြရန်နှင့် Body Shaming မပြုလုပ်ရန် အထူးလိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် မသန်စွမ်းသူများအခွင့်အရေးကို အလေးထား၍ မြှင့်တင်ပေးလျက်ရှိသလို မိမိတို့နိုင်ငံတွင်လည်း မသန်စွမ်းသူများအတွက် အခွင့်အရေးအပြည့်အဝရရှိရန် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါကြောင်း၊ လူငယ်တွေအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းအောင် ကြိုးစားအားထုတ်၍ အများပြည်သူကို အကျိုးပြုသည့် လူကောင်းလူတော်တွေအဖြစ် အနာဂတ်တွင် တိုင်းပြည်တာဝန်များ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူတို့ လက်ထက်တွင် မိမိတို့နိုင်ငံ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေချင်ကြောင်းနှင့် တက်ရောက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းမှ မသန်စွမ်းသူများ အပေါ် ခွဲခြားဆက်ဆံမှုများ မပြုလုပ်စေရေး လူငယ်များသိရှိနားလည်စေရန် ရည်ရွယ်၍ “ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေများအား အသိပညာပေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းထွေးမှ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ ပညာ‌ရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားအားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုအပေါ် များစွာမူတည်ပါကြောင်း ရည်ရွယ်၍ “ကျန်းမာခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့နောက် Fitness Dance အဖွဲ့မှ သရုပ်ပြကပြဖျော်ဖြေခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(လယ်ဝေး)သို့ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး၊ ဦးသန်းကျော်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (လယ်ဝေး)၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။