အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်းပထမ(ရွှေတံဆိပ်)ဆု (၂)ခုဖြင့် နိုင်ငံအလိုက် အဆင့် ပထမရရှိ

ရန်ကုန် ၊ဇွန် (၃၀)။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ စတင် ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေ‌လှော်ပြိုင်ပွဲ) ( International Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားသမားများ‌သည် မီတာ(၅၀၀) အမျိုးသား(၁၀)တက်‌‌လှော်ပြိုင်ပွဲတွင်ပထမ(ရွှေတံဆိပ်)ဆု ထပ်မံဆွတ်ခူးရရှိပြီး နိုင်ငံအလိုက်အဆင့် ပထမ ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ မီတာ(၅၀၀)အမျိုးသား(၁၀) တက်‌‌လှော်ပြိုင်ပွဲတွင် ရေလမ်းကြောင်း နံပါတ် (၂)မှ ယှဉ်ပြိုင်သည့် မြန်မာအသင်းက စံချိန် ၀၂:၀၁.၅၅၁ ဖြင့် ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း ၊ ရေလမ်းကြောင်းနံပါတ်(၄)မှ ယှဉ်ပြိုင်သည့် အင်ဒိုနီးရှားအသင်းက စံချိန် ၀၂:၀၂.၇၆၂ဖြင့် ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်း ကောင်း ၊ ရေလမ်းကြောင်းနံပါတ်(၃)မှ ယှဉ်ပြိုင်သည့် ကမ္ဘောဒီးယား အသင်းက စံချိန် ၀၂:၀၆.၁၆၅ဖြင့် တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း ၊ ရေလမ်းကြောင်းနံပါတ်(၅)မှ ယှဉ်ပြိုင်သည့် ဖိလစ်ပိုင်အသင်းက စံချိန် ၀၂:၀၇.၁၁၁ ဖြင့် စတုတ္ထ‌ဆုကိုလည်း‌ကောင်း ၊ ရေလမ်းကြောင်းနံပါတ်(၁)မှ ယှဉ်ပြိုင်သည့် ဥဇဘက်ကစ္စတန်အသင်းက စံချိန် ၀၂:၁၁.၆၅၀ဖြင့် ရေလမ်းကြောင်းနံပါတ်(၆)မှ ယှဉ်ပြိုင်သည့် ရရှားအသင်းတို့က စံချိန် ၀၂:၁၂.၁၅၀ ဖြင့် ဆဌမအဆင့်တို့ အသီးသီးရရှိခဲ့သည်။

ဆက်လက်၍ ဒေသစံတော်ချိန်(၁၃:၃၀)နာရီတွင်ကျင်းပသည့် အမျိုးသား (၁၀)တက်လှော် မီတာ (၂၀၀၀)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းသည် ဆဌမအဆင့် ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းက မီတာ(၂၀၀)နှင့် မီတာ(၅၀၀) အမျိုးသား(၁၀) တက်‌‌လှော်ပြိုင်ပွဲတို့တွင် ပထမ (ရွှေတံဆိပ်)ဆု (၂)ဆု ဆွတ်ခူးရယူနိုင်ခဲ့ပြီး မီတာ(၂၀၀၀)ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့်(၆) ဖြင့်သာကျေနပ်ခဲ့ရသော်လည်းပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း(၉) နိုင်ငံအနက် နိုင်ငံအလိုက် အဆင့်ပထမ ရရှိခဲ့ကြောင်းသိရသည်။