အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ၊ မတ် ၁၃

မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ‌စေရေးကို အထောက်အကူပြု ‌ဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲနှင့်‌ အောင်လက်မှတ်‌ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၁၃)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲထွန်း ၊ ဒုတိယဥက္ကဋ္ဌများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီးဦးအောင်မျိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဒုတိယဥက္ကဋ္ဌဒေါ်ခင်မာထွေး ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ နည်းပြ Mr.Mahabir Parsad ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံနပန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီးဦးအောင်မျိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဒုတိယဥက္ကဋ္ဌဒေါ်ခင်မာထွေး၊ နည်းပြ Mr.Mahabir Parsad ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် နပန်း၊ ဂျူဒိုကစားဖူးသူများ၊ မြန်မာ့လက်ရွေးစင် နပန်းကစားသမားများ ၊ အသက်(၂၀)နှစ်မှ (၄၅)နှစ်အကြား ရှိသူများ ၊ အခြေခံပညာအထက်တန်းအဆင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသား/သင်တန်းသူများ ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၀)ဦးအား မတ်လ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ နှင့် အရည်အချင်းစစ် စာမေးပွဲများကို‌ အောင်မြင်စွာ စစ်ဆေးပေးခဲ့ပြီး အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။