အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၂၀)ရက်။

မြန်မာ့ရိုးရာအားကစားနည်းများကို ဖော်ထုတ်ကာ နိုင်ငံတကာ ရိုးရာအားကစားနည်းများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာရိုးရာအားကစားသရုပ်ပြ ပွဲတော်များတွင် မြန်မာ့ရိုးရာအားကစားနည်းပြသခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကျင်းပဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီအချိန်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း သင်တန်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန် ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်း၊ ဒုတိယဥက္ကဌ ဦးမျိုးသက် ၊ အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်းက အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ထုပ်ဆီးတိုးဆပ်ကော်မတီဥက္ကဌ ဦးမျိုးသက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ ထုပ်ဆီးတိုးဥပဒေသများ၊ ဒိုင်များ၏ တာဝန်များ၊ ပြစ်ဒဏ်များ၊ ကွင်းအတိုင်းအတာနှင့် စာတွေ့လက်တွေ့ သင်ပြသွားမှာဖြစ်ပြီး သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသား/သင်တန်းသူ (၂၅)ဦး ၊ ပြင်ပမှ (၂၀)ဦး၊ စုစုပေါင်း (၄၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။