ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ် နှစ်ခု ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သော မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့အားကြိုဆို
ထိုင်နိုင်ငံ၊ Songkhla မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၇ ရက်ထိ ကျင်းပခဲ့သည့် ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု ဆုတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့ပြီး ယမန်နေ့ည ၉နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြသည်။
ယင်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ အသင်းသည် အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲနှင့် အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစားခြောက်မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများအပြီး ပြိုင်ပွဲလေးမျိုးမှငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆုတံဆိပ် လေးခုဆွတ်ခူးရရှိခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အိမ်ရှင် ထိုင်းနိုင်ငံမှ ပိုက်ကျော်ခြင်းအားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည်၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယင်းပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်ကပြုလုပ်ခဲ့သည့် (၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


