အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ

ထားဝယ်၊ ဩဂုတ်လ(၁၂)ရက်။

“စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် အချက်နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကိုကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် လူငယ်များ ဒေသန္တရဗဟုသုတရရှိရေး၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာဖြင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေးအတွက် လူငယ်လေ့လာရေးခရီးစဉ်များကိုလည်း ဖန်တီးပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတိုင်းအနာဂါတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူမှုအရင်းအမြစ်၊ ဉာဏအရင်းအမြစ် အပြိုင်အဆိုင်ရင်းနှီးမြှပ်နှံပြီး မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ အနာဂါတ်နိုင်ငံတော်၏ အကောင်းအဆိုးသည် လူငယ်များ၏စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုတို့အပေါ် မှီတည်နေသောကြောင့် တိုင်းပြည်၏အခန်းကဏ္ဍ အားလုံးကိုပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အနေဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ခုနှစ်အတွင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ(၆၄)ကြိမ် ပြုလုပ်နိုင်ပြီး အင်အား(၉၄၇၉)ဦး၊ လူငယ်စကားဝိုင်း(၂၀)ခု အင်အား(၄၇၃၆)ဦး တက်ရောက်ခဲ့ကြောင်း၊ လူငယ်လေ့လာရေးခရီးစဉ်အဖြစ် အမျိုးသားပြတိုက်ကို လူငယ်(၂၆)ဦးဖြင့် (၁)ကြိမ်သွားရောက်လေ့လာခဲ့ကြောင်း၊ “ယနေ့လူငယ်နောင်ဝယ်လူကြီး” ဆိုသကဲ့သို့ လူငယ်များသည် အနာဂတ်တွင် နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများ ဖြစ်လာကြမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးတွင် အရင်းခံမူလဖြစ်သည့် ဉာဏဗလ(ပညာအား) ပြည့်စုံဖွံ့ဖြိုးရန် သင်ယူဆည်းပူးရင်း ကျန်ရှိသော ကာယဗလ(ကာယအား)၊ မိတ္တဗလ(မိတ်ဆွေအား)၊ ဘောဂဗလ(ပစ္စည်းဥစ္စာအား)၊ စာရိတ္တဗလ(ကိုယ်ကျင့်တရားအား)ဆိုသည့် အင်အားများပြည့်စုံကြပြီး အနာဂါတ်နိုင်ငံတော်၏ ပိုမိုကောင်းမွန်သောမနက်ဖြန်များကို ပုံဖော်ဖန်တီးနိုင်စွမ်းရှိမည့် လူငယ်များအဖြစ် တင့်တယ်စွာ နေရာယူနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်/ဒီဂရီကောလိပ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ပြီး နည်းပညာတက္ကသိုလ်(ထားဝယ်)နှင့် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တို့မှ ကျောင်းသား/သူများက လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းသူ/ကျောင်းသားများက တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုအကဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား/သူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးဆောင်ရွက်မှတ်တမ်းဓာတ်ပုံများ၊ သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။