အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၆

၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏရှိ အမျိုးသားအားကစားရုံ(၁)၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တို့က အမှာစကားများ ပြောကြားကြပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ကျင်းပသည့်ပြိုင်ပွဲသည်နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပြိုင်ပွဲအမျိုးအစား သုံးမျိုးပါဝင်သည့်ပြိုင်ပွဲ ဖြစ်ပြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲမှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ (၁၀) ပေါက်တန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပလေ့ရှိတဲ့ (၆) ပေါက်တန်းနဲ့ အမျိုးသမီး (၄) ပေါက်တန်းပြိုင်ပွဲတို့ ဖြစ်သည်။ ယခင်နှစ်များတွင်အသင်းတွေများများ လာကစားနိုင်အောင် ဦးစားပေးခဲ့ရာ ယခုနှစ်မှာတော့ အရည်အချင်းအတွက် ဦးစားပေးဖိတ်ကြားခဲ့တာကြောင့် အသင်း ၂၁ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ခြင်းလုံးအားကစားနည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းပေါ်ပေါက် လာရန်နှင့် မျိုးဆက်သစ်ခြင်းလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဆောင်းရာသီ တံခွန်စိုက်ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမား ဦးရေ ၂၁၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြကာ ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။