အားကစားရေးရာဝန်ကြီးဌာန

Loading

တက်ဂ်ဘောအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး တက်ဂ်ဘောအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ဒုတိယငွေတံဆိပ်ဆုနှင့် တက်ဂ်ဘော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် Saw Friday စောဖရိုင်းဒေးက တတိယကြေးတံဆိပ်ဆုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်၊ စက်တင်ဘာ ၂၀

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုင်ချီ-နာဂိုယာ မြို့(Nagoya City Higashi Sports Center)တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းမှ နည်းပြ(၂)ဦးနှင့် အားကစားသမား (၄)ဦးတို့သည် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ(20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်အားကစားသမား ခင်နှင်းဝေသည် ပြိုင်ဘက်အသင်းများမှ အားကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ အကောင်းဆုံး စွမ်းဆောင်ရည်ဖြင့် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

တက်ဂ်ဘောအားကစားသမား ခင်နှင်းဝေသည် အုပ်စုအဆင့်ပြိုင်ပွဲများ၌ ပွဲစဉ် (၃)ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာတွင် ပြိုင်ဘက်အသင်းများကို တစ်ပွဲပြီးတစ်ပွဲ အပြတ်အသတ် ယှဉ်ပြိုင်အနိုင်ယူ၍ (၃) ပွဲစလုံး အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်ဘနွန်အသင်းမှ အားကစားသမားနှင့် ရင်ဆိုင်၍ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း (၂)ပွဲပြတ်ဖြင့် အပြတ်အသတ် ထပ်မံအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာအသင်းမှ တက်ဂ်ဘောအားကစားသမား ခင်နှင်းဝေသည် အကြိုဗိုလ်လုပွဲအထိ ရှုံးပွဲမရှိ တက်ရောက်ယှဉ်ပြိုင်လာခဲ့ပြီးနောက် ဗိုလ်လုပွဲ ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းမှ အားကစားသမား Sumaya SUMAYAလနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမ ပွဲငယ်တွင် အင်ဒိုနီးရှားအသင်းမှ အားကစားသမား Sumaya SUMAYA က ရမှတ် ၁၂ မှတ်၊ မြန်မာအသင်းမှ အားကစားသမား ခင်နှင်းဝေက ရမှတ် ၁၀ မှတ်ဖြင့် အင်ဒိုနီးရှားအသင်းမှ အားကစားသမားက အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ် စတင်ပြန်ကစားချိန်တွင် မြန်မာအသင်းမှ အားကစားသမား ခင်နှင်းဝေသည် အကောင်းဆုံး တန်ပြန်ကစားမှုများဖြင့် အင်ဒိုနီးရှားအသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၈ မှတ်ဖြင့် ဒုတိယပွဲငယ်တွင် ပြန်လည်အနိုင်ရရှိခဲ့ရာ တစ်ယောက်တစ်ပွဲစီ သရေရလဒ်ဖြင့် ရွှေတံဆိပ်ဆု အတွက် အနိုင်/အရှုံး အဆုံးဖြတ်ပေးမည့် တတိယပွဲငယ်တွင် မြန်မာအသင်းမှ အားကစားသမား ခင်နှင်းဝေသည် အမှားနည်းစွာဖြင့် တည်ငြိမ်မှုရှိရှိ ထိချက်မှန်ကန်စွာ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ် ၁၂ မှတ် ၉ မှတ်ဖြင့် အင်ဒိုနီးရှားအသင်းမှ အားကစားသမား Sumaya SUMAYA ကို ပွဲပြီးချိန်တွင် ရလဒ်(၂)ပွဲ (၁)ပွဲဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး တက်ဂ်ဘောအားကစားနည်းဖြင့် Teqball Women’s Singles တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဖြင့် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အလားတူ မြန်မာစံတော်ချိန် မွန်းလွဲ ၁၁ နာရီတွင် တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ(Teqball Men’s Singles)တတိယလုပွဲ ပွဲစဉ်၌ မြန်မာအသင်းမှ Saw Friday စောဖရိုင်းဒေးသည် ဖိလစ်ပိုင်အသင်းမှ အားကစားသမား Prince AGUSTIN နှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် တက်ဂ်ဘောအားကစားနည်း၏ အာရှအားကစားပြိုင်ပွဲ ပထမဆုံး ပါဝင်ယှဉ်ပြိုင်မှုတွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

Saw Friday စောဖရိုင်းဒေးသည် အုပ်စုအဆင့်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကူဝိတ်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ အီရတ်အသင်းများမှ အားကစားသမားများနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်တစ်လျှောက် နှစ်ပွဲနိုင် နှစ်ပွဲရှုံးရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းမှ အားကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အီရတ်ကစားသမားကို ရှုံးနိမ့်ခဲ့သော်လည်း ကြေးတံဆိပ် လုပွဲ ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အားကစားသမား Saw Friday စောဖရိုင်းဒေးသည် ဖိလစ်ပိုင် အသင်းမှ အားကစားသမား Prince AGUSTIN နှင့် တတိယနေရာအတွက် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမ ပွဲငယ်တွင် Saw Friday စောဖရိုင်းဒေးသည် ဖိလစ်ပိုင်အသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၇ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲငယ်တွင်လည်း ဖိလစ်ပိုင်အသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၇ မှတ်ဖြင့်လည်းကောင်း နှစ်ပွဲပြတ်ဖြင့် အပြတ်အသတ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး တက်ဂ်ဘော အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ(Teqball Men’s Singles)တွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ဆက်လက်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် တက်ဂ်ဘော အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ (Teqball Women’s Doubles Final)ပွဲစဉ်၌ မြန်မာအသင်းမှ ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲသည် ထိုင်းအသင်းမှ အားကစားသမား Suphawadi WONGKHAMC, jutatip KUNTATONG တို့အတွဲနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်တွင် ထိုင်းအသင်းမှ ရမှတ် ၁၂ မှတ် ၆ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲငယ်တွင် ထိုင်းအသင်းက ရမှတ် ၁၂ မှတ် ၃ မှတ်ဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် မြန်မာအသင်းအနေဖြင့် ဒုတိယနှင့်သာ ကျေနပ်နှစ်သိမ့်ခဲ့ရပြီး မြန်မာ တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယ ငွေတံဆိပ်ဆုကိုသာ ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မြန်မာတက်ဂ်ဘောအားကစားနည်းအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်းနှင့် စက်တင်ဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် တတိယမြောက် အုပ်စုပတ်လည် ပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Yanmar Stadium Nagai ၌ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။