စခန်းဝင်လေ့ကျင့်နိုင်ရေးအတွက် ခြင်းလုံးအားကစားနည်း လူရွေးချယ်ဆန်းစစ်ပွဲကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခြင်းလုံးအားကစား နည်းမှ အားကစားသမားများ စခန်းဝင်လေ့ကျင့်နိုင်ရေးအတွက် လူရွေးချယ်ဆန်းစစ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစား လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲချုပ် နာယက ဦးစိုးတင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
လူရွေးချယ်ဆန်းစစ်ပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ Event-3 (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းအတော့အတွဲနှင့် ဝိုင်းဖွဲခတ်ကစားခြင်းများကို အသီးသီး ယှဉ်ပြိုင် ခတ်ကစားခဲ့ကြသည်။
အဆိုပါ လူရွေးချယ်ဆန်းစစ်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အမျိုးသား (၃၂)ဦး၊ အမျိုးသမီး(၁၉)ဦး၊ စုစုပေါင်း(၅၁)ဦး ပါဝင်ရွေးချယ်ခံခဲ့ကြသည့်အနက်မှ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း(၂၄)ဦးတိုအား နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင်လေ့ကျင့်ရန်အတွက် ရွေးချယ်၍ ဆက်လက်လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


