အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ – စက်တင်ဘာ (၁၁)

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီရုံး ဖွင့်ပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ အဆိုပါရုံးတည်နေရာ၌ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ရေးရာကော်မတီရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဘင်ခရာ၊ ပန်းပွားနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို နံနက် ၈ နာရီခွဲခန့်က ဇွဲကပင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းဘော်လီဘောအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူအများစိတ်ပါဝင်စားမှုတိုးပွားလာစေရန်၊ အောင်မြင်မှုများရရှိနိုင်ရန်နှင့် လေ့လာ လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောလူငယ်မောင်/မယ်များဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်သူများကို ရွေးချယ်လေ့ကျင့်စခန်းသွင်းပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလီဘောပြိုင်ပွဲသို့ ကရင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ မိမိကိုယ်စားပြုသည့် မြို့နယ်များ၏ဂုဏ်ကိုမြှင့်တင်နိုင်ရန် ဘော်လီဘောအားကစားနည်း၏ ဥပဒေဘောင်အတွင်းမှ အောင်မြင်မှုရရှိအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်(၇)သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ် အမျိုးသားအသင်းနှင့် မြဝတီမြို့နယ်အမျိုးသားအသင်း၊ ဘားအံမြို့နယ်အမျိုးသမီးအသင်းနှင့် ဖာပွန်မြို့နယ်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုသည့်အခမ်းအနားကို ဇွဲကပင် အားကစားကွင်းရှိ လူငယ်ရေးရာကော်မတီရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဒုတိယဆုရယူပေးခဲ့မှုအပေါ် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်မိပါကြောင်း၊ စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ဆုတံဆိပ်ရယူပေးခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားမျိုးကို အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရရှိလိုပြီး နောင်နှစ်များတွင်လည်း တံခွန်စိုက်ဒိုင်းဆုကြီးကို ရရှိအောင် ဆက်လက်ကြိုးစားကြစေလို‌ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယဆုရ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂၀)သိန်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က အကောင်းဆုံး အားကစားသမားဆုရရှိသူနှစ်ဦးအား ငွေကျပ်တစ်သိန်းစီ၊ ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီမှ ငွေကျပ် ၅ သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများသည် ဒုတိယဆုရ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။