![]()
ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေ တံဆိပ် ၁ခု နှင့်ကြေးတံဆိပ် ၁ခု ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်း ပြန်လည်ရောက်ရှိကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန် ၊ မေ ၂၅
၂၀၂၆ခုနှစ် ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မေလ ၁၆ ရက်မှ ၂၃ရက်နေ့အထိ ကျင်းပခဲ့သည့် ၂ဝ၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာ အသင်းက အားကစားနည်း (၃)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား (၃) ယောက်တွဲ Regu Event ကစားနည်းတွင် ငွေတံဆိပ်ဆု၊ အမျိုးသား (၄) ယောက်တွဲ Quadrant Event ကစားနည်းတွင်ပူးတွဲကြေးတံဆိပ်ဆုတို့ ကို ရရှိခဲ့ပြီး နိုင်ငံအလိုက်တတိယ ဆုရရှိခဲ့ရာ ပထမဆုနှင့်ဒုတိယဆုကို အိမ်ရှင်မလေးရှား အသင်းနှင့်ထိုင်းအသင်းတို့ရရှိခဲ့ကြသည်။
အဆိုပါမြန်မာအသင်းတွင်အုပ်ချုပ်မှုအဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့် ထွဋ်တင် ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်မြတ် ၊ အသင်းအုပ်ချုပ်သူ ဦးမြင့်လွင်ဌေး ၊ နည်းပြ ဦးကျော်မင်းစိုးနှင့် ဦးအောင်မျိုးဆွေ ကစားသမားဇင်မင်းဦး(အာဒစ်) ၊ သန့်ဇင်ထွန်း(ဓာတ်လုံး)၊ အောင်အောင်(အောင်ကြီး)၊ အောင်မျိုးကျော်(မျိုးလေး)၊ ရှိန်း ဝဏ္ဏဇော်(ရှိန်းလေး)၊ ရန်ပိုင်ဦး(ကျောင်းတိုက်)၊ ရဲထက်၊ ဟန်ဝင်းထွဋ်(အန့်ကူ)၊ သက်ပိုင်စိုး၊ မင်းသန့်သူ၊ ချစ်လွန်းပို ၊ ရှင်းသန့်နောင်တို့ ပါဝင်ခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှအမှုဆောင်များ ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ က ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ည၆နာရီ အချိန်၌ရန်ကုန်မြို့ Western Park Royal Kandawgyi ၌ ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ၊ အလုပ်အမှုဆောင်များ ၊ မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံပိုတ်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့်ထွဋ်တင်နှင့် မိတ်ဖက်ကုမ္ပဏီများဖြစ်ကြသည့် ရွှေသံလွင်မီဒီယာ( SKY NET) ၊ GLORY SPORTS ၊ Bebee TV ၊ GREEN CIRCLE COMPANY (ROCKER ENERGY DRINK) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ဂုဏ်ပြုအမှာစကားအသီးသီးပြောကြားခဲ့ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင် က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၂၅ သိန်း ၊ ဒုတိယဥက္ကဋ္ဌ (၁)ဦးအောင်မြင့်မြတ် က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၇၅ သိန်း ၊ ဒုတိယဥက္ကဋ္ဌ (၂)ဦးဖြိုးဇော်ဦး က ငွေကျပ် ၂၅သိန်း ၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း ၁၈၀ ၊ Bebee TV မှ ငွေကျပ် သိန်း၂၀ ၊ GLORY SPORTS မှ ငွေကျပ် ၅သိန်း နှင့် ဦးအောင်ကျော်သူတို့မှ ငွေကျပ် ၅ သိန်း တို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ဘဏ္ဍာရေးမှူးဦးရဲမြလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ ဂုဏ်ပြုညစားဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။


