ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
ရန်ကုန် ၊ နို၀င်ဘာ ၄ရက်။
အောက်တိုဘာလ၂၄ရက်နေ့မှ ၊ နို၀င်ဘာလ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့ နှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့သည် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာသည်။
အဆိုပါ မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရလှေလှော်အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးသောင်းထိုက်မင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ စုစုပေါင်း ၂၃ ဦးတို့ကိုရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်မှ အမှုဆောင်များ၊ မိဘဆွေမျိုးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများက သောင်းသောင်းဖျဖျဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
မြန်မာလှေလှော်အားကစားအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တွင် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲ နှစ်ခုပေါင်းတွင် နိုင်ငံအလိုက် အဆင့်တတိယ ရရှိခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ချန်ဒူးမြို့တွင် သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။