အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၇)။

၂၀၂၄ ခုနှစ် (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းများ အဆင့်မီပြီး အောင်မြင်မှုများရရှိစေရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အစည်း‌အဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် အားကစားနည်းများအားလုံးပါဝင်ယှဉ်ပြိုင်ပြီး ယခင်နှစ်များအတိုင်းအောင်မြင်မှုများရရှိစေရန်အတွက် အားကစားသမားများကို ယခုကတည်းက စနစ်တကျ ရွေးချယ်စုစည်းပြီး စခန်းသွင်းလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိအကြီးကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံး(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ နှင့် ထုတ်ဆီးတိုး အားကစားနည်းတို့အား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ပိုက်ကျော်ခြင်းအားကစားနည်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ လွန်ဆွဲ(ကျား/မ)အားကစားနည်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် ဖူဆယ်အားကစားနည်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့် တို့က အားကစားနည်းအလိုက် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်‌နိုင်ရေးအတွက် အားကစားသမားရွေးချယ်မှုများနှင့် စခန်းသွင်းလေ့ကျင့်မည့် အစီအစဉ်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ စီမံရေးရာနှင့်ဘဏ္ဍာရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့် နှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။