အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၅)။

ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall)၌ ကျင်းပသည်။

အစီအစဉ်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြေးခုန်ပစ်အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များ ပေါ်ထွက်လာစေရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြေးခုန်ပစ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး တို့ကိုရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပြုလု်ပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သက်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်း အုပ်ချုပ်သူ/နည်းပြများအနေဖြင့် အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်၊ သွားလာ၊ စားသောက်ရေး ကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေ လိုကြောင်း၊ ကစားသများအနေဖြင့်လည်း မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝ ဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းကမ်းများအတိုင်းသေချာစွာ လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မပျောက်ပျက်စေရေးအတွက် ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းနှင့်သုသေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်မှ စစ်တမ်းကောက်ယူခြင်းကိစ္စနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဖြည့်စွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် အားကစား ဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ အားကစားသမားများ၏ ကျန်းမာရေးနှင့်ပတ်သက် သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီးနောက် ပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်း များမှအုပ်ချုပ်/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက် တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ် (ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြ ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ပြေးခုန်ပစ်ပြိုင်ပွဲကို အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၅)သင်း၊ အမျိုးသမီးအသင်း (၁၅)သင်း၊ အုပ်ချုပ်/နည်းပြ အားကစားသမား စုစုပေါင်း (၄၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။