အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ (၁၃)။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀)အချိန်တွင် အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်း ဦးဆောင်၍ ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)တို့အတွက် လိုအပ်သည့် ကုန်ကျစရိတ်များအား သတင်းပြန်ကြားရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာနခွဲနှင့် စီမံဘဏ္ဍာဌာနခွဲတို့မှ အသေးစိတ်ကြိုတင်တွက်ချက်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနသို့ အကြောင်းကြားပေးပို့လာခဲ့သည့် ပညာတော်သင်လျှောက်ထားမှုများကိုသာမက မိမိအစီအစဉ်ဖြင့် ပညာတော်သင်များလျှောက်ထားမည်ဆိုပါက မိမိတို့သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှတဆင့် ကြိုတင်အသိပေးအကြောင်းကြားထားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနအနေဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဌာနခွဲများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် မိမိတို့ဦးစီးဌာနမှဝန်ထမ်းများ အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်၍ သင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်သလို ဝန်ထမ်းများဘက်မှလည်း ကြိုးစားသင်ယူလေ့လာစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအနေဖြင့် မိမိဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများကို တက်ရောက်၍ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်လာအောင် ကြိုးစားသင်ယူကြရန်တိုက်တွန်းလိုပါကြောင်း၊ နောက်ပိုင်းနိုင်ငံခြားခရီးစဉ်များသို့ သွားရောက်မည့် ဝန်ထမ်းများအနေဖြင့်လည်း ခရီးစဉ်မှပြန်လာပြီးနောက် ရရှိခဲ့သည့် ဗဟုသုတ အတွေ့အကြုံများကို မိမိတို့ဌာနအတွက် ပြန်လည်အကျိုးပြုနိုင်၊ အသုံးချနိုင်ရေး ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် မိမိတို့ကိုယ်တိုင် အမြဲလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာဌာနခွဲ)မှ ယခင် (၂၃.၆.၂၀၂၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို မွန်းလွဲ(၂:၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ(၄)ခုတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။