အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ(၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူများက ဒို့ချစ်တဲ့သိပ္ပံသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မယ့် ထူးချွန်ထက်မြက်သောလူငယ်မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နှင့်အညီ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိဖွင့်လှစ်ခဲ့တာ (၂၇)နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း၊ အားကစားလုပ်ငန်းကိုစီမံခန့်ခွဲမယ့်သူများ၊ နည်းပြဆရာများအတွက် အားကစားဒီပလိုမာသင်တန်းကို အမှတ်စဉ်(၁)မှ (၁၃)အထိလည်းကောင်း၊ အခြေခံပညာ ကာယ ဆရာ/ဆရာမများအားကစားနည်းပြသင်တန်းကို အမှတ်စဉ်(၁)မှ (၁၅)အထိလည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန ကာယဆရာ/ဆရာမများ အားကစားနည်းပြမွမ်းမံသင်တန်းများအားလည်းကောင်း၊ ဌာနတွင်းဦးစီးအရာရှိမွမ်းမံသင်တန်း အမှတ်စဉ်(၁)မှ (၈)အထိနဲ့ အခြားနည်းပြသင်တန်းများ ကိုလည်းကောင်းဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊

ယခု ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းမှာလည်း သင်တန်းသား/သင်တန်းသူ (၂၉၀)ဦးအထိ ရွေးချယ်သွားမှာဖြစ်ပြီးအားကစားနည်း (၁၇)နည်းနဲ့ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မွေးထုတ်ပေးခဲ့သည့် သင်တန်းသားများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲနှင့် (၁၁)ကြိမ်မြောက် အာရှလူငယ်ဝူရှူးပြိုင်ပွဲ၊ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲ၊ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမှတ်တမ်းတင်အပ်ပါကြောင်း။

လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး လူငယ်တွေတော်ရင်တော်သလိုတိုင်းပြည် တိုးတက်မှာဖြစ်တဲ့အတွက် ‘ဆရာကောင်းတပည့်ပန်းကောင်းပန်’ ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီထူးချွန် ထက်မြက်သောတပည့်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်မှာ ဆရာ/ဆရာမများတွင် အဓိကတာဝန် ရှိပြီးလူငယ်များအနေနဲ့လည်းဆရာများ၏ သင်ကြားပြသဆိုဆုံးမမှုများကိုမြေဝယ်မကျနားထောင် ပြီးဗလငါးတန်ဖွံ့ဖြိုးသောလူငယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်သလို နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်အောင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာနဲ့ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်နေကြရမှာဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစား သမားကိုရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်အောင် အနီးကပ်သင်ကြားပြသပေးနေသူ များဖြစ်သည့်အတွက် အားကစားသမားများ၏ ယုံကြည်အားထားလေးစားမှုရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းအပြင် ပြုမူပြောဆိုနေထိုင်သွားလာမှုများတွင်လည်းစံနမူနာပြကျင့်ကြံနေထိုင်သွားကြရန် အထူးလိုအပ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အားဖြည့်ဖွဲ့စည်းပေးထားပြီး အလှူရှင်များရဲ့ပံ့ပိုးကူညီမှုနဲ့ ကျောင်းသား/ကျောင်းသူလေးများရဲ့ လိုအပ်ချက်များကိုအတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်း ကျောင်းများဟာ ပြင်ပအထက်တန်းကျောင်းများနှင့် မတူဘဲအားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများနဲ့ ဆရာ/ဆရာမ များအနေနဲ့ ကျောင်းရဲ့သဘောသဘာဝကိုနားလည်ပြီး ကျောင်းသား/ကျောင်းသူများရဲ့ ပညာရေးတိုးတက်ဖို့အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာဆိုသည့် နာ(၃)နာကိုအရင်းခံပြီး ဆရာဝတ်နှင့်အညီပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ကကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ ငွေကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးတို့က လက်ခံရယူခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် အလှူရှင်အသီးသီးတို့မှ စုစုပေါင်းလှူဒါန်းငွေကျပ် (၆၃၃)သိန်းအား ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးတို့က အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက မြန်မာ့သိုင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ကျွမ်းဘားအားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ ကြပြီးနောက် ကျောင်းသား/ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာသရုပ်ပြ အဖွဲ့များအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းအား ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များကသင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် ခင်းကျင်းပြသထားသော အားကစားအထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။