အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို KURASH ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၃၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို KURASH ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ Thailand KURASH Association မှ PRESIDENT Mr.PULASK နှင့် အဖွဲ့ဝင် Mr.Kriangkrai ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မြန်မာ KURASH အားကစားနည်းကို တစ်ဖက်တစ်လမ်းမှ တိုးတက်စေရန် အချိန်ပေးပြီး လာရောက်သင်ကြား ပြသပို့ချပေးသည့် ထိုင်းနိုင်ငံမှ နည်းပြ(၂)ဦးတို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် KURASH အားကစားနည်းကို ပထမဦးဆုံး ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှလည်း နပန်းအဖွဲ့ချုပ်အစီအစဉ်ဖြင့် (၉၀)အထက်ကီလိုတန်းပြိုင်ပွဲတွင် ဂျူဒိုအားကစားသမား မြင့်ဇင်က KURASH အားကစားနည်းဖြင့် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆုဆွတ်ခူးရရှိခဲ့ ကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား ကျား(၂)ဦး၊ မ(၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို အေးအေးအောင်က ရယူပေးနိုင်ခဲ့ပြီး ဂျူဒိုအဖွဲ့ချုပ်သည် KURASH အားကစားနည်းဖြင့် စုစုပေါင်း ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ KURASH အားကစားသမားများအနေဖြင့် ပြည်တွင်းပြိုင်ပွဲ၊ ပြည်ပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရခြင်းမရှိဘဲ မြန်မာနိုင်ငံမှ အုပ်ချုပ်သူ/နည်းပြများနှင့်သာ လေ့ကျင့်ခဲ့ရပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများကိုလည်း Online ကသာ ကြည့်ရှုလေ့လာခဲ့ရသည့်အတွက် ရွှေတံဆိပ်ဆုထပ်မံရရှိနိုင်မည့်အခွင့်အရေးများ ဆုံးရှုံခဲ့သည်ကိုတွေ့ရှိခဲ့ရပါကြောင်း၊ ယခု သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် စာတွေ့/ လက်တွေ့သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို စိတ်ပါဝင်စားမှုအပြည့်ဖြင့် ကြိုးစားသင်ယူလေ့လာပြီး ပြန်လည်အသုံးချသွားရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်မခံအရှုံးမပေးဘဲ ရဲရင့်သည့်စိတ်ဓာတ်ဖြင့် တီထွင်ကြံဆတွေးခေါ်၍ နည်းစနစ်များနှင့်ပေါင်းစပ်ပြီး ယခုထက် ပိုမိုအောင်မြင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် Thailand KURASH Association မှ နည်းပြဆရာ Mr.PULASK က မိတ်ဆက်စကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံမှ နည်းပြဆရာ Mr.PULASK က မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ရာ ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်က လက်ခံယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့မှ နိုဝင်ဘာလ (၄)ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)၊ Cluster(3) ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ထိုင်းနိုင်ငံမှ နည်းပြဆရာ(၂)ဦးတို့က သင်တန်းသား/သင်တန်းသူ (၅၀)ဦးအား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။