အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီနှင့် အားကစားသုတေသနအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၅)။

ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲများအား စောင့်ကြည့်လေ့လာအကဲဖြတ်ဆောင်ရွက်ရေး၊ အားကစားဆိုင်ရာ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရေး၊ မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြန်လည်ဦးမော့လာစေရေးအတွက် ထိရောက်အကျိုးများစေမည့် အချက်အလက်များရရှိရေးနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီနှင့် အားကစားသုတေသနအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသုတေသနလုပ်ငန်းနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသန ဖွံ့ဖြိုးရေးကော်မတီကို (၁၉.၅.၂၀၂၃)ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပါဝင်သည့် အားကစားသုတေသနအကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အားကစားစီမံကိန်းနှင့် သုတေသနလုပ်ငန်းကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်(၇)ချက်အရ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျင့်ဝတ်ကော်မတီ၏ သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန်၊ (Institutional Review Board) အဖွဲ့အား မဖြစ်မနေဖွဲ့စည်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားသုတေသန အကြံပေးအဖွဲ့ဝင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူက ဆေးသုတေသနဦးစီးဌာနအနေဖြင့် အားကစားနှင့်ပတ်သက်ပြီး သုတေသနနည်းပညာသင်တန်းများကို ပို့ချပေးခဲ့ပါကြောင်း၊ မြန်မာ့လက်ရွေးစင် အားကစားသမားများကို သုတေသနများ ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အာဟာရလမ်းညွှန်စာအုပ်ကို တင်ပြခဲ့ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)နှင့် (တောင်ကြီး)တို့တွင် ဆယ်ကျော်သက် အားကစားသမားများ၏ ခန္ဓာကိုယ်ကြီးထွားမှုပုံစံ၊ ဗီတာမင်Dနှင့် သံဓာတ်အခြေအနေတို့ကို နှစ်ရှည်လေ့လာပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင်လည်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ သုတေသနပြုလုပ်ခြင်းများအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်သုတေသနလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အားကစားလောကဖွံ့ဖြိုးတိုးတက် ရန်အတွက် ဝန်ကြီးဌာန၏ ဘတ်ဂျက်နှစ် တစ်နှစ်အတွင်း သုတေသနလုပ်ငန်းများကို အနည်းဆုံး (၂)ခု ပြုလုပ်သွားရန် ရည်မှန်းထားကြောင်း၊ ကျင့်ဝတ်ကော်မတီဖွဲ့စည်းရန် လိုအပ်သော အကြံဉာဏ်များအား ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသူများက အားကစားစီမံကိန်းနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအများအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး သုတေသနလုပ်ငန်းများမှ တွေ့ရှိချက်များအား သက်ဆိုင်ရာဌာနခွဲများမှ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Work Shop များ ပြုလုပ်ပြီး အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နည်းပြများ အရည်အချင်းပြည့်မီစေရန်၊ နည်းစနစ်ပိုင်းများ ခေတ်မီတိုးတက်စေရန် ပိုမိုလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအသင်းမှ ဦးစိုးသိန်း၊ ဦးဘန်နီတင်အောင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက In-Person ဖြင့် တက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် (မန္တလေး)မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။