အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံစေတနာ့ဝန်ထမ်းများအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် လူငယ်ကိုယ်စားလှယ်များအား အစီအစဉ်နှင့် ပတ်သက်၍ အကြိုရှင်းလင်းခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၈)။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် အာဆီယံစေတနာ့ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် လူငယ်ကိုယ်စားလှယ်များအား အစီအစဉ်နှင့်ပတ်သက်၍ အကြိုရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ အာဆီယံစေတနာ့ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ/နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ မြန်မာလူငယ်များကို အာဆီယံ/နိုင်ငံတကာ အသိုက်အဝန်းအတွင်း ပူးပေါင်းပါဝင်ခွင့်တွေရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ “အာဆီယံ စေတနာ့ဝန်ထမ်းများ အစီအစဉ်”သည် အာဆီယံဒေသအတွင်းမှာရှိတဲ့ လူငယ်များရဲ့ အတွေးအခေါ် ထင်မြင်ယူဆချက်တွေကို ဖလှယ်နိုင်ကာ၊ လူငယ်တွေအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် ဂရုစိုက်ကူညီစောင့်ရှောက်မှုတွေကို အားကောင်းလာစေမှာဖြစ်ပါကြောင်း၊ ထို့ပြင် ယခုအစီအစဉ်မှာ ပါဝင်ကြမယ့် လူငယ်ကိုယ်စားလှယ်များသည် မိမိတို့ရဲ့ ဝန်ကြီးဌာန/ အဖွဲ့အစည်း ကိုယ်စားပြုအနေနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုပြီး ပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ဒေသအတွင်း မတူကွဲပြားတဲ့လူငယ်များအကြား တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားမှသာ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မှာ ဖြစ်ပါကြောင်းနှင့် ယခု “အာဆီယံ စေတနာ့ဝန်ထမ်းများ အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်မည့် လူငယ်ကိုယ်စားလှယ်များ အားလုံးသည် စေတနာ့ဝန်ထမ်း လုပ်ငန်းစဉ်များကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ (၁) နိုင်ငံစီမှာ (၂၂)ရက်ကြာ သွားရောက်၍ တာဝန်ထမ်းဆောင်သွားကြရမှာဖြစ်သည့်အတွက် မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အာဆီယံနိုင်ငံအသီးအသီးတွင် အခက်အခဲမရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူ(၁)ဦးက “အာဆီယံ စေတနာ့ ဝန်ထမ်းများ အစီအစဉ်” နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များက အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား နံနက် (၁၁:၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။