(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ
ရန်ကုန်၊ အောက်တိုဘာ(၃၀)။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်မှ (၂၈)ရက်နေ့ထိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhou မြို့၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိပြီးယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်းရေးမှူး၊ နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးအောင်၀င်းသိန်း၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ကျောင်းသူများကြိုဆိုကြသည်။
အဆိုပါ ပြိုင်ပွဲ၌ မြန်မာကစားသမားစိုးပေသည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)နှင့် အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် လော်လာဝင်း တို့က တတိယကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကြကြောင်းသိရသည်။


