အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ ဇွန် ၃ ရက်။

ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ လူငယ်မျိုးဆက်သစ်အားကစားသမားများ ထွက်‌ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအား ထောက်ပံ့မှုဖြစ်စေရေးနှင့် ဖူဆယ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ၂.၆.၂၀၂၄ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်နှင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့်သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများအနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန်၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့်လည်း မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဥ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ထို့နောက် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီး နောက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး ရှမ်းပြည်နယ်အတွင်းဖူဆယ်အားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါသည်။