အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။

 ၂၀၂၄ခုနှစ်၊ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံလွန်ဆွဲ (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်      ဝဏ္ဏသိဒ္ဓိအားကစားကွင်း Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သလို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများ ကိုလည်း ဝန်ကြီးဌာနများသို ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြု ပြီးသော အားကစားသမားများအား အသင်းလိုက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ပြီးပါက ထပ်မံ၍ လူစား လဲလှယ်ခြင်း မပြုလုပ်ကြရန်နှင့် ထပ်မံကန့်ကွက်ခြင်းများ မပြုလုပ်ကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ် (၁၅) သိန်း၊ တတိယဆု ကျပ်(၁၀) သိန်း၊ စတုတ္ထဆု ကျပ် (၅) သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစာဆေးဘက်ဌာနခွဲနှင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများ ဝန်ကြီးဌာနအသင်းများမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေးခြင်း၊ အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံလွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် အမျိုးသား ပြိုင်ပွဲဝင်အသင်း(၂၄)သင်းနှင့် အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၁၉)သင်း၊ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၂၃)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)ကြားတို့တွင်လည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၂)ကြားတို့တွင်လည်းကောင်း (၃၀-၁၂-၂၀၂၃)ရက်နေ့မှ(၃-၁-၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မည်သူမဆို လာရောက်အားပေးနိုင်ကြောင်း သိရသည်။