၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။
လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ညနေ (၂)နာရီ တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။
ယနေ့လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၈)ကီလို၊ အမျိုးသမီး(၅၂)ကီလို၊ အမျိုးသမီး(၅၇)ကီလို၊ အမျိုးသား (၄၈)ကီလို၊ အမျိုးသား(၅၄)ကီလို၊ အမျိုးသား(၅၇)ကီလို၊ အမျိုးသား(၆၀)ကီလို၊ အမျိုးသား(၆၃.၅)ကီလို၊ အမျိုးသား(၆၇)ကီလိုနှင့် အမျိုးသား(၇၁)ကီလိုပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများနှင့် (အမျိုးသား/ အမျိုးသမီး) အကောင်းဆုံးလက်ဝှေ့သမားဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးကျော်ကျော်စိုး၊ ဦးကိုကိုအောင်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ဖေဖော်ဝါရီ (၅)ရက်မှ (၈)ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။




