၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၇)။
လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။
ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အေးငြိမ်းထူး (အား/လူငယ်)က အေးအေးပြည့်(Youth Camp)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်း ပြိုင်ပွဲတွင် ဆုမြတ်နိုး(PTC)က မာရီနား(ပြည်ထဲရေး)ကိုလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ကိမ်ရှင်းဒိတ်စန်(အား/လူငယ်)က ဧလိဇဘတ်(UMC-ချင်းပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသမီး(၆၃)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(PTC)က အိအိထွေး(Youth Camp)ကိုလည်း ကောင်း၊ အမျိုးသား(၅၁)ကီလိုတန်းပြိုင်ပွဲတွင် ဇော်မြင့်မိုး(ပြည်ထဲရေး)က သိန်းထွန်းဇော် (တပ်မတော်-လေ)ကိုလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် စောဘွယ်ကလို(ပြည်ထဲရေး)က သီဟဇော်(အား/လူငယ်)ကိုလည်းကောင်း၊ ထူးအောင်ရဲရင့်(တပ်မတော်-လေ)က အေးနိုင်(ကာကွယ်ရေး) ကိုလည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် ရဲဝင်းအောင်(ကာကွယ်ရေး)က သက်ဖြိုးလွင် (ကာကွယ်ရေး)ကိုလည်းကောင်း၊ စတီးရှု(Youth Camp)က ရှိန်းထက်ကိုကို(မျိုးဆက်သစ်ကချင်) ကိုလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇင်ထိုက်(Youth Camp)က မင်းဝေအောင်(လပခ)ကိုလည်းကောင်း၊ အမျိုးသား(၈၀)ကီလိုတန်းပြိုင်ပွဲတွင် ရဲမင်းထွဋ် (တပ်မတော်-လေ)က စည်သူထက်(ကာကွယ်ရေး)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိ ခဲ့သည်။
အဆိုပါပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားသမားများ လာရောက်ကြည့်ရှုအားပေးသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီတွင်နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး)ဝိတ်တန်းအလိုက် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကိုကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။




