အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်(၁၆)။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။

အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုက်ကွမ်ဒို အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုက်ကွမ်ဒို အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိနိုင်ရေးအတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအားသတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်သူ/နည်းပြများကို စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်၍ သေချာကြိုတင်ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေ များလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အကောင်းဆုံး အားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက် သို့မဟုတ် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း သို့မဟုတ် အသင်းဝတ်စုံအပြည့် ဝတ်ဆင်ထားစေလိုကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုသေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၂၁-၆-၂၀၂၄ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၅)သင်း၊ အမျိုး သမီးအသင်း (၁၅)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။