အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်(၁၁)။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း‌ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအမျိုးအစားများကို ဝန်ကြီးဌာနအဆင့် အားကစားနည်း(၆)မျိုးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃)မျိုးထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် အားကစားသမားအင်အား (၆၀၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းသိရှိရပါကြောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများအား အသက် အကန့်အသတ်မရှိ (အလွတ်တန်း)ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် အားကစားသမားများအား အသက် ကန့်သတ်ထားပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း ပြိုင်ပွဲရလဒ်များအား အချိန်နှင့်တပြေးညီ Online စနစ်ဖြင့် သိရှိနိုင်ရန်အတွက် Website များနှင့် application များတွင် ထုတ်လွှင့်နိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်းပြိုင်ပွဲများနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြပေးသွားရန်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဆွေးနွေးထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ချမှတ်ထားသော မှုဝါဒအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို ပြန်လည်စိစစ်အတည်ပြုပြီး ပြုပြင်သင့်သည်များကို ပြောင်းလဲရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားသမားအင်အားမှာ လက်ရှိအင်အားထက် အနည်းငယ်ပြောင်းလဲနိုင်ကြောင်း၊ လက်ရှိအားကစားသမားအင်အားဖြင့် ပွဲစဉ်ဇယားများကို တစ်ပတ်အတွင်း အကြမ်းရေးဆွဲတင်ပြစေလိုကြောင်း၊ ပြိုင်ပွဲသုံးပစ္စည်းများကို လက်ရှိအနေဖြင့် အသုံးပြုရမည့်ပစ္စည်းများအား အကုန်ထုတ်သုံးမည်ဖြစ်ပြီး လိုအပ်သည့်ပစ္စည်းများကို အဆင့်မီအောင် ဖြစ်နိုင်ခြေပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနည်းအားလုံး၏ အဖွဲ့ချုပ်များအနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးပေးစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် ဒိုင်/ဂျူရီများအနေဖြင့် လိုအပ်ချက်မရှိ‌စေရန်နှင့်ကန့်ကွက်မှုအနည်းဆုံး ဖြစ်အောင်ဆောင်ရွက်နိုင်ရန် နည်းပြ/ဒိုင်၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်သွားစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပသော အားကစားကွင်း/အားကစားရုံများတွင် အားကစားကွင်း/အားကစားရုံဌာနခွဲနှင့် အားကစားနှင့် ကာယပညာ (သိပ္ပံ) ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တွဲဖက်ပေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို Website Page ပေါ်တွင် အချိန်နှင့်တပြေးညီတင်နိုင်ရန် အားကစားနည်းနှင့်ပတ်သက်သည့် အချက်အလက်များကိုပြည့်ပြည့်စုံစုံ ကြိုတင်ပေးပို့ထားစေလိုကြောင်းနှင့် လိုအပ်သည်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်သည့်ပညာရှင်များနှင့် ဖွဲ့စည်း၍ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေနွေးပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့မှုများ အပေါ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များဖြည့်စွက် ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။