အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ မတ်(၂၀)။

မျိုးဆက်သစ် ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃)တွင် မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်(၂၁)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ဘောလုံး (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။