၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၂၈)။
ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသည်။
ယနေ့ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၃)မှတ်၊ (၁၈)မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၄၄)မှတ်၊ (၃၈)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၅)မှတ်၊ (၆၉)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ်(၆၀)မှတ်၊ (၁၅)မှတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၇၀)မှတ်၊ (၂၇)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် (၆၀)မှတ်၊ (၃၂)မှတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိကြသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၂၉)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ ဘတ်စကက်ဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။




