အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများက ပဏာမမြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား စိတ်ဓာတ်မြှင့်တင်ရေးဟောပြောပို့ချ

နေပြည်တော်၊ ဩဂုတ် ၂၄။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၊ ဘောလုံးအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးတင်အောင်က အားကစားသည် စိတ်ဓာတ်ကိုအခြေခံ၍ ယှဉ်ပြိုင်ရသည့်အတွက် အားကစားသမားများ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိသူများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များဆွတ်ခူးနိုင်ရန်နှင့် အားကစားဖြင့် မိမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားရန်လိုကြောင်း၊ နည်းပြဆရာများအနေဖြင့် မိမိအားကစား သမားများမှ လေးစားအားကျအတုယူရသည့် နည်းပြဆရာကောင်းကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင် ကြရန်လိုကြောင်း၊ အုပ်ချုပ်/နည်းပြ အားကစားသမားများ တစ်ညီတစ်ညွတ်တည်းရှိရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်သန်းသန်းက အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ အာကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ်မှစ၍ ပြေးခုန်ပစ် အားကစားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ အားကစားကို အားပေးကူညီ ပံ့ပိုးပေးလျက်ရှိသည့်အတွက် သက်ဆိုင်ရာအားကစားနည်းများမှ ကစားသမားများအနေဖြင့် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များဆွတ်ခူးရရှိရန်အတွက် အထူးကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရယူပေးသည့် မသန်စွမ်းအားကစားသမားများကိုလည်း နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာ အခန်းကဏ္ဍမှ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဂျူဒိုအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်ကြည်ကြည်ဝေက အားကစားသမားများ မိမိတို့၏အရည်အသွေးနှင့် စံချိန်စံညွှန်းများ အစဉ်တိုးတက်နေစေရန် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ Training ပြုလုပ်ချိန်တွင်လည်း သက်လုံကောင်းစေရန်နှင့် ထိခိုင်ဒဏ်ရာမရရှိစေရေး ဂရုတစိုက် လေ့ကျင့်ကြရန်လိုကြောင်း၊ အားကစားသမားများ ကျန်းမာ ကြံ့ခိုင်မှုရှိစေရန်အတွက် သက်ဆိုင် ရာအားကစားနည်းအလိုက် သက်မှတ်ကယ်လိုရီပြည့်ဝစေရန်နှင့် အာဟာရမျှတမှုရှိစေရန်စားသောက်ရမည်ဖြစ်ကြောင်း၊ အားကစားသမားများ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ နည်းပြများမှ အားကစားသမားများ စည်းကမ်းကောင်းမွန်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ နည်းစနစ်မှန်မှန် ပြင်းပြင်ထန်ထန် လေ့ကျင့်ခြင်း မှသည် အောင်ပွဲဆီသို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားသမားများအားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ရန် ကြိုးစားသွားကြရန်လိုကြောင်း ဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ အလေးမအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်ခင်မိုးနွယ်က အားကစားသမားသစ္စာအဓိဌာန် ၄ ချက်တွင်ပါရှိသည့် အားကစားသမားအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိပြီး အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါမည်ဆိုသည့်အတိုင်း အားကစားသမားအချင်းချင်း တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ကူညီရိုင်းပင်းမှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိရ မည်ဖြစ်ကြောင်း၊ အားကစားသမားတစ်ဦးချင်းစီ၏ စံချိန်စံညွှန်းများ တိုးတက်မှုရှိရန် နည်းပြဆရာ များမှ နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း ကြိုးစားလေ့ကျင့်ကြရန်လိုအပ်ကြောင်း၊ မိမိတို့၏ အရည်အသွေးတိုးတက်စေရန် ကိုယ်သာလျှင် ကိုယ့်ပြိုင်ဘက်ဟုမှတ်ယူပြီး တစ်နေ့ထက် တစ်နေ့ ပိုမိုကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ မိမိနိုင်ငံ၏အလံကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် လွှင့်ထူနိုင်အောင် ပြိုင်ပွဲတွင် ကြိုးစားယှဉ်ပြိုင်သွားရန် ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ မြန်မာ့လက်ရွေး စင်အားကစားသမားဟောင်းကြီးများနှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမ မြန်မာ့လက်ရွေးစင်၊ လူငယ်လက်ရွေးစင်အားကစားအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။