မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ(၅)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီ (၁၀)မိနစ်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုး သမီး) မီတာ-၁၀၀၀၀ပြိုင်ပွဲ၊(အမျိုးသား ၁၀မျိုးစုံ) ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၄၀၀ပြိုင်ပွဲ၊ (အမျိုးသား) မီတာ-၁၁၀တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုးသမီး) မီတာ-၁၀၀တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုးသား+ အမျိုးသမီး) မီတာ(၁၀၀X၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (အမျိုးသမီး)တုတ်ထောက်ခုန်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၆)ရက်နေ့တွင် ဒုတိယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၆)နာရီ (၁၅)မိနစ်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။



