မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် SP GEMS တို့ပူးပေါင်းကျင်းပသည့် အငယ်တန်းချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ၂၆။
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် SP GEMS ပူးပေါင်းကျင်းပသည့် အငယ်တန်းချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမ၌ကျင်းပသည်။
ဗိုလ်လုပွဲပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ အသက် ၁၉ နှစ်အောက်၊ အသက် ၁၇ နှစ်အောက်၊ အသက် ၁၅ နှစ်အောက်၊ အသက် ၁၃ နှစ်အောက်တွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊အမျိုးသမီးနှစ်ယောက်တွဲနှင့် အသက်၁၁နှစ်အောက်၊ အသက်၉နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ ပူးတွဲတတိယရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်လေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ( SP Gems )မှ တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးကလပ်အသင်းများမှ အားကစားသမား ၂၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။




