နေပြည်တော်၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၄)။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက် ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တန်းခွဲများအလိုက် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဌာနဆိုင်ရာ များမှတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့်အတူ ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။




