အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ခရစ်ကက်အားကစားနည်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ကြိုးစားကြစေလိုကြောင်း၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်သည် နိုင်ငံတကာခရစ်ကက်ကောင်စီ(ICC)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (ICC)နှင့် (ACC)တို့က ကျင်းပသည့် နိုင်ငံတကာခရစ်ကက်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှဒေသတွင်း ချစ်ကြည်ရေးပြိုင်ပွဲများနှင့် SEA Games ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခရစ်ကက်အမျိုးသမီးအသင်းမှ ကြေးတံဆိပ်(၁)ခုကို ရရှိခဲ့ပါကြောင်း၊ ခရစ်ကက်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှကြီးမှူးပြီး ကလပ်ပေါင်းစုံ ခရစ်ကက် ပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများတွင် ခရစ်ကက်သင်တန်းများနှင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့အားကစား အောင်မြင်တိုးတက်စေရေးအတွက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း မျိုးဆက်သစ်အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် နည်းပြခြင်းဆိုင်ရာ စာတွေ့လက်တွေ့သင်ခန်းစာများကို မိမိတို့တာဝန်ကျရာဒေသများတွင် ပြန်လည်အသုံးချပြီး ခရစ်ကက်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးလုပ်ဆောင်သွားကြရန်လိုကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များကို သေချာစွာလေ့လာသင်ယူပြီး ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များကို ဆက်လက် ဆည်းပူးလေ့လာသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက သင်တန်းသားများ ကိုယ်စားကိုယ်စားလှယ်(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။